စိတ်ဓာတ်ကျနေတာလား ဝမ်းနည်းနေတာလား
စိတ်ဓာတ်ကျခြင်းနဲ့ ဝမ်းနည်းပူဆွေးခြင်းသည် တူတဲ့အချက်များတဲ့အတွက် နှစ်မျိုးကို ခွဲခြားရာမှာ မျက်စိလည်တတ်ပါတယ်။ ဆင်တူတဲ့အချက်နဲ့ ကွာခြားချက်တွေ သိထားရင် အထောက်အကူပြုနိုင်ပါတယ်။
ပြင်းထန်သော ဝမ်းနည်းတတ်ခြင်း၊ ညအိပ်မပျော်ခြင်း၊ အစားအသောက်ပျက်ခြင်းနဲ့ ကိုယ်အလေးချိန်ကျဆင်းခြင်း စတဲ့ လက္ခဏာများသည် စိတ်ဓာတ်ကျခြင်းနဲ့ ဝမ်းနည်းပူဆွေးခြင်း နှစ်မျိုးစလုံးမှာ တွေ့ရပါတယ်။
ကွဲပြားသည်ကတော့ ဝမ်းနည်းပူဆွေးခြင်းသည် အချိန်ကြာလာတာနဲ့အမျှ ကုစားသွားကာ အကြောင်းတိုက်ဆိုင်သော အမှတ်ရစရာများနဲ့ ကြုံမှသာ ပြန်လည်ခံစားရပါတယ်။ စိတ်ဓာတ်ကျခြင်းကတော့ အခြေအနေအရပ်ရပ်မှာ ရှိမြဲကျန်မြဲဖြစ်သော စိတ်ကျန်းမာရေးအခြေအနေ ဖြစ်ပါတယ်။
စိတ်ဓာတ်ကျ တယ်ဆိုတာက ပြောတော့သာ ဘာမှမဟုတ်သလိုနဲ့ တကယ်တမ်း စိတ်ဓာတ်တကယ်ကျလာရင် အလုပ်ခွင်မှာရော လူမှုဆက်ဆံရေးနယ်ပယ်မှာပါ အဆင်မပြေမှုတွေက တော်တော်လေးများလေ့ရှိပါတယ်။
ကလေးကနေစလို့ လူကြီးလူငယ်မရွေး အရွယ်သုံးပါးစလုံး စိတ်ဓာတ်ကျနိုင်ပါတယ်။ အမျိုးသားတွေရော အမျိုးသမီး တွေမှာရော စိတ်ဓာတ်ကျနိုင်ပါတယ်။ ဒါပေမယ့် စိတ်ဓာတ်ကျမှုက အသက်အရွယ်နဲ့ အမျိုးသား၊ အမျိုးသမီး ဖြစ်တည်မှုပေါ်မှာလိုက်ပြီး ကွာခြားတာမျိုးတော့ရှိနိုင်ပါတယ်။
ပုံမှန်အားဖြင်တော့ ဝမ်းနည်းပူဆွေးနေမယ်ဆိုရင် ဘယ်သူမဆို လွမ်းဆွတ်တမ်းတကာ ဆုံးရှုံးရသူကို မြင်ချင်တွေ့ချင်သော ဆန္ဒ ဖြစ်ပေါ်တတ်ပေမဲ့ စိတ်ဓာတ်ကျနေသော တစ်စုံတစ်ယောက်မှာတော့ မည်သူ့ကိုမျှ မတွေ့ချင်၊ ဘာကိုမှ မလုပ်ကိုင်ချင် ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ဝမ်းနည်းပူဆွေးတဲ့ ဖြစ်စဥ်အဆင့်ထဲမှာ စိတ်ဓာတ်ကျတဲ့အချိန်ကာလဟာ ပါဝင်နေပါသေးတယ်။
ဆုံးရှုံးခြင်းကို ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ နာကျင်ခက်ခဲပါတယ်။ လက္ခဏာရပ်များမှာလည်း ဆင်တူတဲ့အတွက် ကျွမ်းကျင်သော စိတ်ကျန်းမာရေး ပညာရှင်များနှင့် စိတ်ကျန်းမာရေး အထူးကု ဆရာဝန်များထံ၌ လိုအပ်လျှင် ဆွေးနွေးမှုခံယူပါ။ ပွင့်လင်းစွာ ဖွင့်ဟတိုင်ပင်ဆွေးနွေးမှုပြုရန် ဝန်မလေးစေလိုပါ။
ဝမ်းနည်းပူဆွေးခြင်းဖြစ်စေ စိတ်ဓာတ်ကျခြင်းဖြစ်စေ အားနည်းသောလက္ခဏာမဟုတ်ကြောင်း အမှတ်ရပေးပါ။ လူတိုင်း ပုံစံအမျိုးမျိုးနဲ့ ဝမ်းနည်းပူဆွေး စိတ်ဓာတ်ကျကြပါတယ်။ သို့သော် မိမိကိုယ်ကိုဖြစ်စေ သူတစ်ပါးကိုဖြစ်စေ ထိခိုက်လာလျှင်တော့ စိတ်ကျန်းမာရေးအခြေအနေ အတိမ်အနက်ကို တက်ကျွမ်းသူထံ စနစ်တကျ ဆန်းစစ်ရန် အကြံပြုပါတယ်။
Dr. MMT